Introduction (မိတ်ဆက်)
ကျွန်တော်တို့ လူရယ်လို့ သိတတ်စအရွယ်ကတည်းက အခြေခံပညာ ကျောင်းတွေမှာ သင်္ချာ၊ သိပ္ပံ၊ ပထဝီ စတဲ့ အခြေခံ ပညာတွေ သင်ကြားပေးလိုက်ကြပြီး တက္ကသိုလ် ကျောင်းတွေ ရောက်တဲ့အခါ မိမိဝါသနာပါရာ၊ အမှတ်မှီရာ လိုင်းအလိုက် ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ဥပဒေပညာ စတဲ့ အသက်မွေးဝမ်းကြောင်း ပညာတွေ သင်ကြရတယ်။
အဲဒီလို မတူညီတဲ့ ဘာသာရပ်မျိုးစုံ သင်ကြားခဲ့ကြရတဲ့ ဘယ်သူမဆို လက်တွေ့ဘဝကို ရောက်တဲ့အခါ ငွေကြေးကို ကိုင်တွယ်သုံးစွဲကြရ၊ စီမံခန့်ခွဲကြရတော့တယ်။ ဒါပေမယ့် ပြဿနာက Money (ငွေကြေး) အကြောင်းကို ကျောင်းတွေမှာ သင်မပေးခဲ့ကြဘူး။
ကျွန်တော်တို့ ပညာသင်ရတဲ့ အဓိကရည်ရွယ်ချက်က ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝပြဿနာတွေကို “ပညာ” ဆိုတဲ့ လက်နက်နဲ့ ဖြေရှင်းနိုင်ဖို့ပါ။ လူတိုင်းလိုလို၊ မိသားစုတိုင်းလိုလိုမှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက “ငွေကြေး” ပြဿနာပါ။ ငွေကြေး ပြဿနာကနေ တစ်ဆင့် လူမှုရေး ပြဿနာတွေ၊ ကျန်းမာရေး ပြဿနာတွေကို ကူးစက်သွားတာများပါတယ်။
လူအများစု Financial Intelligence အားနည်းတော့ ဝင်ငွေနည်းတဲ့ သူက အကြွေးတွေ ပတ်လည်ဝိုင်းနေမယ်။ ဝင်ငွေများတဲ့ သူကလည်း များများသုံးမယ်၊ သုံးလို့ပိုတာကို စုမယ် ဒါလောက်ပဲ သိကြတာများပါတယ်။ ငွေကြေးကို ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်အောင် မစီမံနိုင်ကြဘဲ၊ အသက်ကြီးတဲ့အထိ Financial Freedom (အလုပ် လုပ်စရာမလိုဘဲ ဝင်ငွေတိုးပွားနေမှု) မရှိနိုင်ကြသေးဘဲ အလုပ်လုပ်ကြရတယ်။
ကားမောင်းတော့မယ်ဆိုရင် ကားကို ကောင်းကောင်းထိန်းကျောင်း မောင်းနှင်နိုင်ဖို့ လက်တွေ့ သင်ယူဖို့လိုတဲ့အပြင်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း ကောင်းကောင်းသိပြီး မောင်းနှင်နိုင်ဖို့ လိုပါတယ်။ တကယ်လို့ လမ်းမတွေပေါ် မောင်းနေတဲ့ ကားမောင်းသူတွေဟာ ကားကို ထိန်းကျောင်း မောင်းနှင်နိုင်ဖို့ သင်မထားဘူး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေလည်း သိမထားဘူးဆိုရင် လမ်းပေါ်တွေမှာ မတော်တဆမှုတွေ များနေမှာ သေချာပါတယ်။
အဲဒီလိုပါပဲ ငွေကြေးဆိုတာ ကမ္ဘာကြီးမှာရှိတဲ့ လူတွေ ရုပ်ဝတ္ထုပစ္စည်းတွေ လှုပ်ရှား လည်ပတ်နေအောင် မောင်းနှင်နိုင်တဲ့ စွမ်းအင်ပါပဲ။ ငွေကြေးကို ကောင်းကောင်း စီမံထိန်းချုပ်နိုင်စွမ်းမရှိဘဲ မောင်းနှင်ကြရတဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေ၊ စီးပွားရေး ပြိုလဲမှုတွေ များစွာဖြစ်ကြရတယ်။ ငွေကြေးဆိုတာ အင်မတန် စွမ်းအားထက်တဲ့ လက်နက်တစ်ခုပါပဲ။ သူ့အကြောင်းကို ကောင်းကောင်းနားလည်ပြီး အသုံးချတတ်ရင် ကောင်းကျိုးတွေ အများကြီးရနိုင်သလို၊ သူ့အကြောင်းကို နားမလည်ဘဲ ထိန်းချုပ်နိုင်စွမ်းမရှိရင် ဆိုးကျိုးတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။
ငွေနောက်ကို လိုက်ရတာ အင်မတန် ချောမောလှပပြီး အသိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ရတာနဲ့ တူပါတယ်။ သူမကို လိုချင်လို့ဆိုပြီး အတင်းကာရော လိုက်နေပြန်ရင်လည်း အဆင်မပြေသလို၊ မလိုက်ဘဲ နေလိုက်ပြန်ရင်လည်း အဆင်မပြေပြန်ဘူး။ နားလည်ရအတော်ခက်ပါတယ်။
သူဘာကြိုက်တတ်လဲ၊ ဘာတွေကို အထင်ကြီးလေးစားတတ်လဲ စတဲ့ သူ့အကြောင်းကို အရင် သိအောင် လုပ်ရမှာပါ။ သူ မကြိုက်တဲ့ အရာတွေကိုရှောင်၊ သူအထင်ကြီး လေးစားတဲ့ သူတစ်ယောက် ဖြစ်အောင်နေပြီး မေတ္တာတရားတွေနဲ့ ဂရုစိုက်မှုတွေ ပေးနိုင်မယ်ဆိုရင်တော့ အဲဒီမိန်းကလေးရဲ့ ချစ်ခြင်း မေတ္တာကို ရရှိနိုင်ပါတယ်။
ငွေကြေးလည်း ထို့အတူပါပဲ။ ငွေနောက်ကို အတင်းလိုက်လွန်းရင် အဆင်မပြေသလို၊ မလိုက်ဘဲ နေပြန်ရင်လည်း အဆင်မပြေပြန်ဘူး။ လူတော်တော်များများ ငွေနောက်လိုက်ရင်းနဲ့ပဲ အချိန်ကုန်နေကြရတော့ ငွေကြေးရဲ့ သဘောတရားတွေ၊ ငွေကြေးနဲ့ဆိုင်တဲ့ စိတ်ပညာ အကြောင်းတွေကို သိအောင် လုပ်ဖို့တောင် အချိန်မရကြပါဘူး။
မိန်းကလေးတစ်ယောက်ကို လိုချင်လို့ဆိုပြီး ချစ်ခြင်းမေတ္တာတွေဘာတွေ ဂရုမစိုက်ဘဲ အတင်းအဓမ္မ သိမ်းပိုက်ယူမယ်ဆိုရင် သူ့ခန္ဓာကိုယ်ကိုတော့ ရချင်ရပါလိမ့်မယ် ဒါပေမယ့် ချစ်ခြင်းမေတ္တာတော့ ရမှာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာတရားမပါရင် သာယာတဲ့ မိသားစုဘဝ ရမှာမဟုတ်ပါဘူး။
ငွေရှာတဲ့ အခါမှာလည်း ဒီလိုပါပဲ ငွေရပြီးရောဆိုပြီး တရားတာ မတရားတာတွေ မကြည့်ဘဲ ငွေရှာခဲ့ရင် ငွေပဲ ရမှာဖြစ်ပြီး ငွေကပေးတဲ့ ပျော်ရွှင်မှုတွေ ရမှာမဟုတ်ပါဘူး။ ပျော်ရွှင်မှု မရှိတဲ့ ငွေကြေး Unhappy Money ဟာ တစ်ချိန်ချိန်တော့ ပြန်ပြီး ခွဲခွာရမှာ ပါပဲ။
ကျွန်တော်တို့ ကမ္ဘာကြီးမှာ စွမ်းအင်တွေနဲ့ လှုပ်ရှားလည်ပတ် နေကြပါတယ်။ အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ ဓါတုစွမ်းအင် စသည်ဖြင့် မျိုးစုံပါပဲ။ စိတ် ဆိုတာလည်း စွမ်းအင်ဖြစ်သလို၊ ငွေ ဆိုတာလည်း စွမ်းအင်ပါပဲ။ Law of conservative energy စွမ်းအင် တည်မြဲမှု နိယာမအရ စွမ်းအင်ကို ဖန်တီးလို့ မရဘူး၊ ဖျောက်ဖျက်လို့ မရဘူး၊ ဒါပေမယ့် အသွင်တစ်မျိုးကနေ တစ်မျိုးကို ပြောင်းလဲယူလို့ရပါတယ်။ လျှပ်စစ် စွမ်းအင်ကနေ အလင်းစွမ်းအင်ကို ပြောင်းလဲလို့ရတယ်။
စိတ်မှာ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာ စတဲ့ Positive Energy (ကောင်းတဲ့ စွမ်းအင်) တွေ ကိန်းအောင်း နေတယ်ဆိုရင် သူကနေ တူရာစွမ်းအင်တွေကို ဆွဲဆောင်ပြီး ကောင်းတဲ့ စွမ်းအင်တွေကို ဆင့်ကဲ ပြောင်းလဲစေတယ်။
စိတ်မှာ ဒေါသ၊ အမုန်းတရား စတဲ့ Negative Energy (မကောင်းတဲ့ စွမ်းအင်) တွေ ကိန်းအောင်း နေတယ်ဆိုရင် သူကနေ တူရာစွမ်းအင်တွေကို ဆွဲဆောင်ပြီး မကောင်းတဲ့ စွမ်းအင်တွေကို ဆင့်ကဲ ပြောင်းလဲစေတယ်။
အားလုံးရဲ့ အရင်းအမြစ်က စိတ်ထဲမှာပါ။ လူတော်တော်များများက ငွေနောက်ကို လိုက်နေရင်း အချိန်ကုန်နေကြတော့ သူ့ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကိုယ့်ရဲ့ “စိတ်” ကို ပြုပြင်ပြောင်းလဲဖို့ မေ့နေကြတယ်။
Root create the Fruits (အမြစ်က အသီးကို ဖန်တီးပါတယ်)
သစ်ပင်တစ်ပင်ကို မြင်ယောင် ကြည့်လိုက်ပါ။ အဲဒီ သစ်ပင်က ဘဝကို ကိုယ်စားပြုတယ် ဆိုပါစို့။ အဲဒီ သစ်ပင်ကသီးတဲ့ အသီးတွေဆိုတာ ဘဝရဲ့ ရလာဒ်တွေပေါ့။ အဲဒီ ရလာဒ် ဆိုတဲ့ အသီးတွေက ကိုယ်မကြိုက်တဲ့ အသီးတွေ ဖြစ်နေမယ်၊ ကိုယ်မလိုချင်တဲ့ အရသာ၊ အရွယ်အစားတွေ ဖြစ်နေမယ်ဆိုရင် ဘာလုပ်ကြမလဲ?
ကျွန်တော်တို့ လူသားတွေ တော်တော်များများက အဲဒီရလာဒ် အသီးကိုပဲ ပြုပြင်ဖို့ အာရုံ စိုက်ကြတာများတယ်။ တကယ်တော့ အဲဒီအသီးကို ဖန်တီးတဲ့ အဓိက အရင်းအမြစ်က အသီးမှာ မဟုတ်ပါဘူး။ အမြစ်မှာပါ။ မမြင်ရတဲ့ မြေကြီးထဲမှာပါ။ မမြင်ရတဲ့ မြေကြီးထဲက အမြစ်က မြင်ရတဲ့ မြေပေါ်က အသီးကို ဖန်တီးနေတာပါ။
“It’s what’s invisible that creates what’s visible” မမြင်ရတဲ့ အရာက မြင်ရတဲ့ အရာကို ဖန်တီးနေတာပါ။
ဒါကဘာကို ဆိုလိုတာလဲ ဆိုတော့ ရလာဒ်ဖြစ်တဲ့ အသီးကို ပြောင်းလဲချင်တယ်ဆိုရင် အမြစ်ကို ပြုပြင်မှ ရပါမယ်။ မြင်ရတဲ့အပိုင်းကို ပြောင်းလဲချင်တယ်ဆိုရင် မမြင်ရတဲ့ အပိုင်းကို ပြုပြင်မှရပါမယ်။
ကျွန်တော်တို့ မြင်နေရတဲ့ Outer world ပြင်ပ ကမ္ဘာကြီးကို မမြင်ရတဲ့ Inner World အတွင်းကမ္ဘာကနေ ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ အပြင်မှာ မြင်ရတဲ့ သစ်ပင်တွေရဲ့ အသီးတွေ အရွက်တွေကို မမြင်ရတဲ့ မြေကြီးထဲက အမြစ်တွေကနေ ထိန်းချုပ်နေသလို၊ ကျွန်တော်တို့ လူသားတွေရဲ့ ပြုမူဆောင်ရွက်မှုတွေ၊ လှုပ်ရှားမှုတွေ၊ လူသားတွေရဲ့ ဖန်တီးမှုတွေကို ကျွန်တော်တို့ရဲ့ Inner World အတွင်းကမ္ဘာဖြစ်တဲ့ စိတ် ကနေ ထိန်းချုပ်နေတာဖြစ်ပါတယ်။
Outer World is just reflection of Inner World. အပြင်ကမ္ဘာ ဆိုတာ အတွင်းကမ္ဘာရဲ့ ရောင်ပြန်ဟပ်မှုသာ ဖြစ်ပါတယ်။
မိတ်ဆွေအခုဖတ်နေတဲ့ ဒီစာလုံးတွေဆိုတာ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အတွေးတွေရဲ့ ရောင်ပြန်ဟပ်မှုသာ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပရိဘောဂ ပစ္စည်းတွေ၊ အဆောက်အဦတွေ ဆိုတာလည်း သက်ဆိုင်ရာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ အတွေးတွေရဲ့ ရောင်ပြန်ဟပ်မှုသာ ဖြစ်ပါတယ်။ မိတ်ဆွေကြားနေရတဲ့ အသံတွေ ဆိုတာလည်း သူတို့စိတ်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ပြန်ဟပ်မှုတွေပါပဲ။
လူ အမျိုးမျိုးတွေမှာ မတူညီတဲ့ ရလာဒ်တွေ ရရှိကြတယ်။ တစ်ချို့က ချမ်းသာပြီး တစ်ချို့က ဆင်းရဲကြတယ်။ တစ်ချို့က ပညာတတ်ကြပြီး တစ်ချို့က ပညာမတတ်ကြဘူး။ ဒီလို မတူညီတဲ့ ရလာဒ်တွေ ရကြတာဟာ မတူညီတဲ့ လုပ်ရပ်တွေ ကြောင့်ပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို အဓိက လွှမ်းမိုးခြယ်လှယ် နေတာက ကျွန်တော်တို့ရဲ့ Emotion ခံစားချက်တွေပါပဲ။ အဲဒီခံစားချက်တွေကို ဖြစ်စေတာကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ် တွေးလေ့ရှိတဲ့ အတွေးတွေပါ။
အဲဒီတော့ အပြင်ကမ္ဘာက ကျွန်တော်တို့ လိုချင်တဲ့ ရလာဒ်တွေ၊ လုပ်ရပ်တွေ ပြောင်းလဲဖို့ အတွင်းကမ္ဘာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ အတွေးတွေကို ပြောင်းလဲရမှာပါ။
Facebook တည်ထောင်ခါစ သိပ်ပြီး မအောင်မြင်သေးခင် အချိန်မှာတုန်းက ကုမ္ပဏီမှာ အခက်အခဲ တစ်ချို့ရှိတော့ Facebook တည်ထောင်သူ ဇူကာဘာ့ချ်ဟာ Apple တည်ထောင်သူ စတိဗ်ဂျော့ဆီကိုသွားပြီး ဆရာတင်ပါတယ်။ အကြံဉာဏ်တွေ တောင်းပါတယ်။
အဲဒီမှာ စတိဗ်ဂျော့ ပေးလိုက်တဲ့အကြံက အိန္ဒိယမှာသွားပြီး တရားထိုင်ဖို့ဖြစ်ပါတယ်။ စီးပွားရေးတွေ၊ နည်းပညာတွေ အားလုံးရဲ့ အရင်းအမြစ် ဖြစ်တဲ့ စိတ် ကို လေ့ကျင့်စေခြင်း ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း Apple စတင်တည်ထောင်ခါစ မအောင်မြင်သေးခင်မှာ အိန္ဒိယ မှာ ၂ လ သွားပြီး တရားထိုင် ခဲ့ပါတယ်။
သူတို့သွားခဲ့တဲ့ ကျောင်းနာမည်ကတော့ အိန္ဒိယ နိုင်ငံက Kainchi Dham Ashram ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ တရားပြ ဆရာကတော့ Neem Karoli Baba ဖြစ်ပါတယ်။ လူတော်တော်များများက Outer world ပြင်ပကမ္ဘာမှာ ပြဿနာ တစ်ခုခုဖြစ်ရင် ပြင်ပကမ္ဘာမှာပဲ ပြုပြင်ဖို့ အာရုံရှိကြပေမယ့်၊ တကယ့်အောင်မြင်သူ စတိဗ်ဂျော့နဲ့ ဇူကာဘာ့ချ် တို့ကတော့ အားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ Inner world စိတ်ကို ပြုပြင်ဖို့ ကြိုးစားကြပါတယ်။
အခုဒီစာကို ဖတ်နေတဲ့ မိတ်ဆွေတို့မှာလည်း ငွေကြေးပြဿနာ မျိုးစုံရှိနိုင်သလို၊ ငွေကြေးနဲ့ ပတ်သက်တဲ့ အိပ်မက်တွေ ရှိမှာပါ။ ငွေကြေးပြဿနာတွေကို ဖြေရှင်းဖို့၊ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ဆိုရင် အားလုံးရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့ မိတ်ဆွေတို့ရဲ့ “စိတ်” ကို ပြုပြင်ပြောင်းလဲရမှာပါ။
“စိတ်” ဆိုတဲ့ နေရာမှာ နှစ်ပိုင်းရှိပါတယ်။ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်တဲ့ စိတ် (ဉာဏ်ပညာ) (IQ) နဲ့ ခံစားတတ်တဲ့ စိတ် (Emotion) (EQ) ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ Calculation တွက်ချက်ခြင်းတွေ၊ Logical Thinking ကြောင်းကျိုးဆီလျော် စဉ်းစား နိုင်စွမ်းတွေကို Intelligence Quotient (IQ) လို့ခေါ်ပြီး၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊ မေတ္တာတရားရှိခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း စတာတွေကို Emotional Quotient (EQ) လို့ခေါ်တယ်။
ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး Assets တွေ၊ Liabilities တွေ၊ Inflation (ငွေဖောင်းပွမှု)တွေ၊ Investment knowledge ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ဗဟုသုတတွေ ဒါတွေဟာ Financial IQ (ငွေကြေးဆိုင်ရာ အသိပညာ) တွေဖြစ်ပါတယ်။ Financial IQ ပိုင်းဆိုင်ရာတွေကို Terminal (2),(3),(4),(7),(8),(9) တွေမှာ လေ့လာရမှာဖြစ်ပါတယ်။
Financial IQ က စာအုပ်တွေဖတ်၊ သင်တန်းတွေ တက်လိုက်ရုံနဲ့ အလွယ်တကူ ရရှိနိုင်ပေမယ့်၊ ငယ်ငယ်ကတည်းက ဘဝပေးအခြေအနေအရ ပုံသွင်းခံခဲ့ရတဲ့ မသိစိတ်ထဲအထိ စွဲနေတဲ့ Financial EQ ပိုင်းကတော့ ပြုပြင်ဖို့ ခဲယဉ်းပါတယ်။ အချိန်ယူပြီးတော့ ပြုပြင်ရမှာဖြစ်ပါတယ်။ Financial EQ နဲ့ ပတ်သက်ပြီး Money Psychology (ငွေကြေး စိတ်ပညာ) အခန်းနဲ့ Happy Money အခန်းတွေမှာ လေ့လာရမှာ ဖြစ်ပါတယ်။
ငွေကြေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို Financial IQ (ငွေကြေးဆိုင်ရာ အသိပညာ) နဲ့ ဆုံးဖြတ်ချက်ချ နေတယ်လို့ ထင်ရပေမယ့် သူ့နောက်ကွယ်မှာ Financial EQ (ငွေကြေးဆိုင်ရာ ခံစားချက်)က လွှမ်းမိုးမှု အများကြီးရှိပါတယ်။
ဥပမာ။ ။ ငယ်ငယ်က ငွေကြေးခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရမယ်၊ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုရင် အဲဒီလူမှာ ငွေကြေးနဲ့ပတ်သက်တဲ့ Fear (အကြောက်တရား)တွေ ရှိနေနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တစ်ခုအတွက် Financial IQ က ဘယ်လောက်ပဲ ကျိုးကြောင်းဆီလျော်အောင် စဉ်းစားပေမယ့် ငယ်စဉ်ကတည်းက စွဲခဲ့တဲ့ အကြောက်တရားကို မကျော်လွန်နိုင်ပါဘူး။
ဒါကြောင့် ငွေကြေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ Financial IQ (ငွေကြေးဆိုင်ရာ ဗဟုသုတ)ရော Financial EQ (ငွေကြေးဆိုင်ရာ ခံစားချက်) ပိုင်းရော နှစ်ခုစလုံး အရေးကြီးပါတယ်။ နောက်လာမယ့် အခန်းတွေမှာ Financial IQ, EQ နှစ်ခုလုံး လေ့လာရမှာ ဖြစ်ပါတယ်။
လေ့လာပြီးရင် တကယ်လိုက်နာ ကျင့်သုံးဖြစ်မှသာ အကျိုးရှိပါလိမ့်မယ်။
Chapter 1
True Stories (ဖြစ်ရပ်မှန်များ)
True Story 1 (ဖြစ်ရပ်မှန် ၁)
စီးပွားပျက်ရာမှ ပြန်လည်ရုန်းထလာနိုင်ခဲ့တဲ့ အမေရိကားက လူငယ်တစ်ယောက်
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စု၊ ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်က Kieron Sweeney (ကီရွန်ဆွင်းနေး) ဆိုသူတစ်ယောက် အမေရိကားမှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို စလုပ်ခဲ့တယ်။ သူ့ရဲ့ အဓိက ကျွမ်းကျင်မှုက Sales (အရောင်း)ပဲ။ အဲဒီ နှစ်တွေမှာပဲ စီးပွားပျက်ကပ်နဲ့ကြုံတော့ သူ့လုပ်ငန်းလည်း ရပ်နားခဲ့ရတယ်။ သူ့မှာလည်း ဒေါ်လာ ၁ သိန်းကျော်လောက် အကြွေးတင်ကျန်ခဲ့တယ်။
သူ့မှာ နေစရာအိမ်တောင် မရှိတော့ အသက် ၃၁ နှစ်လောက် အရွယ်ကြီးနဲ့ မိဘအိမ်မှာ ပြန်နေခဲ့ရတယ်။ အနောက်နိုင်ငံတွေမှာ အသက် ၁၈ နှစ်ကျော်တာနဲ့ မိဘနဲ့အတူ နေလေ့မရှိကြတော့ဘူး။ Kieron တစ်ယောက် အသက် ၃၀ ကျော်မှာ သူ့လုပ်ငန်းတွေ ကျရှုံးပြီး သူ့မိဘနဲ့ အတူပြန်နေ ခဲ့ရပါတယ်။ သူ့စိတ်ထဲမှာလည်း ရှုံးနိမ့်ခဲ့သူတစ်ယောက် အနေနဲ့ ခံစားနေရတာပေါ့။
တစ်နေ့မှာတော့ သူ့အမေက သူ့အခန်းကိုလာပြီး ဖတ်ဖို့ Financial (ဘဏ္ဍရေး) နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပေးတယ်။ ဖတ်ကြည့်လိုက်တော့ စာအုပ်မှာ ပြောထားတာက ရိုးရိုးရှင်းရှင်းလေးပဲ။ ရှာလို့ရသမျှငွေရဲ့ (အနည်းဆုံး) ၁၀%ကို စု၊ စုလို့ရငွေကို မှန်မှန်ကန်ကန် Invest ပြန်လုပ်၊ အဲဒီ ၁၀% ကို ဘယ်တော့မှ မသုံးနဲ့။ နောက်ထပ် Financial စာအုပ်တွေ ထပ်ဖတ်တော့လည်း ၁၀%ကို စု၊ စုလို့ရငွေကို ပြန်ပြီး Invest လုပ် ဒါတွေပဲ တွေ့ပြန်ပါတယ်။
“၁၀% စုပြီး၊ ပြန် invest လုပ်၊ ဒီလောက် ရိုးရှင်းလား” လို့တောင်တွေးမိတယ်။
နောက်ပိုင်းမှာ သန်းကြွယ်သူဌေး လုပ်ငန်းရှင်ဖြစ်တဲ့ သူ့ရဲ့ Mentor (လမ်းပြဆရာ) Doug McHargue နဲ့တွေ့ပြီး သူ့ဆီကနေ စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ၊ ငွေကြေး စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာတွေ လေ့လာခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ လမ်းညွှန်မှုမှာလည်း ရှာလို့ရသမျှရဲ့ ၁၀%ကို စု၊ အဲဒါကိုမသုံးနဲ့၊ ပြန်ပြီး Invest လုပ် ဆိုတာ အဓိကပါဝင်ပါတယ်။
နောက်ပိုင်း အလုပ်တွေ ပြန်လုပ်လို့ ဝင်ငွေတွေ ပြန်ရတော့ အဲဒီစည်းမျဉ်းကို လိုက်နာပြီး၊ Stock market (စတော့ဈေးကွက်) နဲ့ Real Estate (အိမ်ခြံမြေ)တွေမှာ ရင်းနှီး မြှုပ်နှံဖြစ်ပါတယ်။ ၂ နှစ်အတွင်းမှာ အကြွေးတွေအားလုံး ကျေသွားတဲ့အပြင် ငွေရေးကြေးရေးအတွက် ပူပန်စရာ မလိုတော့တဲ့ အနေအထားကို ရောက်သွားပါတယ်။
နောင် ၈ နှစ်လောက် ကြာတဲ့အချိန်မှာ Millionaires သန်းကြွယ်သူဌေး ဖြစ်သွားပြီး၊ သူ့ရဲ့ Investment (ရင်းနှီးမြှုပ်နှံမှု) တွေဟာ နှစ်စဉ်တိုးပွားနေပါတယ်။
ဝင်ငွေရဲ့ ၁၀% အနည်းဆုံး စုပြီး၊ ပြန် Invest လုပ်ရမယ်လို့ ပြောထားတဲ့ “The richest Man in Babylon” ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ကို သူ့အသက် ၁၂ နှစ်မှာ ကတည်းက ဖတ်ဖူးခဲ့ပါတယ်။ ဖတ်ပြီး ခဏလောက် လိုက်နာကျင့်သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်မလုပ်ဖြစ်တော့ပါဘူး။ အသက် ၃၀ လောက်မှာ ပြန်လုပ်ဖြစ်ခဲ့ ပေမယ့် ဝင်ငွေတွေများလာတဲ့အခါ လိုက်မလုပ်ဖြစ်တော့ပြန်ပါဘူး။
သူ ဝင်ငွေတွေ ဘယ်လောက်ပဲ ရှာနိုင်ပေမယ့် စီးပွားပျက်၊ အကြွေးတွေတင်တဲ့ အခြေအနေကို ကိုယ်တိုင်လက်တွေ့ ခံစားပြီးတဲ့ နောက်မှာတော့ ရာနှုန်းပြည့် လိုက်နာ ကျင့်သုံးခဲ့ပြီး နောက်လူတွေလည်း လိုက်နာကျင့်သုံးနိုင်အောင် ငွေကြေးစီမံခန့်ခွဲမှု စာအုပ်တွေ ရေးခဲ့ပါတယ်။ သူရေးခဲ့တဲ့ ငွေကြေးစီမံခန့်ခွဲမှု အကြောင်းအရာ အနည်းငယ်ကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။
True Story 2 (ဖြစ်ရပ်မှန် ၂)
စာရေးသူ၊ ကျွန်တော့်အကြောင်း
ကျွန်တော် Brain နဲ့ ပတ်သက်တဲ့စာအုပ်တွေ မရေးခင် ကုမ္ပဏီ ၂ ခုလောက် တည်ထောင်ခဲ့ပြီး လုပ်ငန်းတွေ မျိုးစုံ လုပ်ခဲ့ဖူးပါတယ်။ eCommerce Website တွေ၊ Expo ပွဲတွေ၊ Online Store တွေ၊ Digital Marketing သင်တန်းတွေ Service တွေ မျိုးစုံပါပဲ။ လုပ်ငန်းတစ်ခုက အဆင်ပြေလို့ ဝင်ငွေကောင်းလာရင်၊ နောက်ထပ် လုပ်ငန်းတစ်ခု ထပ်လုပ်မိပြီး ပြန်ကုန်ပါတယ်။ လကုန်လို့ လစာပေးခါနီးရင် အိပ်မပျော်ရတဲ့ ညတွေလည်း ရှိခဲ့ပါတယ်။
စင်္ကာပူမှာ လစာကောင်းတဲ့ အလုပ်ကိုထွက်ပြီး ပြန်လာကတည်းက မိဘတွေက သိပ်ပြီး သဘောမတွေ့လှပါဘူး။ စင်္ကာပူကနေ ပြန်လာတာ ၇ နှစ်ကျော်လောက် ကြာတဲ့အထိ ဘာမှဖြစ်မလာသေးတဲ့အပြင်၊ စင်္ကာပူမှာ ရှာခဲ့တာတွေတောင် အားလုံး ပြန်ကုန် ခဲ့ပါတယ်။
စင်္ကာပူမှာ ဆက်ပြီးနေခဲ့တဲ့ သူငယ်ချင်းတွေက နှစ်စဉ်ဝင်ငွေတွေ တိုးနေပေမယ့် ကိုယ်က ဝင်ငွေ မတိုးတဲ့အပြင် စုဆောင်းခဲ့တာတွေတောင် အားလုံးပြန်ကုန်တဲ့ အနေအထားပါ။ ငွေကြေး ဆုံးရှုံးတာတွေ များလာတော့ ငွေကြေးနောက်ကို ဒေါသတွေနဲ့ ပြန်လိုက်ဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေ ပြန်ရဖို့ ပိုပြီးအလျင် လိုလာပါတယ်။ ပိုပြီးကြိုးစားပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အခြေအနေက တိုးတက်မလာပါဘူး။
စင်္ကာပူဘဏ်ရဲ့ Credit ကဒ်ကလည်း ရှိနေသေးတော့ ငွေကြေးအလျင်လိုတဲ့ အခါတိုင်း ဒေါ်လာ ထောင်ပေါင်းများစွာ အကြွေးယူသုံးဖြစ်ပါတယ်။ Credit ကဒ် အကြွေးတွေ ပုံမှန် ပြန်မဆပ်နိုင်တော့ အတိုးတွေ တက်ပါတယ်။ အကြွေးတွေရှိလာပြီ ဆိုကတည်းက လူက ပိုပြီးပူလောင်လာပါတယ်။
ကြာလာတော့ စိတ်ဓါတ်တွေ ကျလာပါတယ်။ “ငါတကယ်ပဲ အသုံးမကျတဲ့သူလား?” ငါသင်ခဲ့တဲ့ ပညာတွေ၊ ငါလေ့လာခဲ့တာတွေက တကယ်ပဲ အသုံးမဝင်တော့တာလား? ငါပဲ အသုံးမချတတ်တာလား? လူအများစု ပြောနေကြတဲ့ ကံတရားကိုပဲ လွှဲချရမလား? စတဲ့ မေးခွန်းမျိုးစုံ ကိုယ့်ကိုယ်ကို မေးဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်တဲ့ eCommerce platform က facebook နဲ့ ယှဉ်ပြိုင်နေရသလို ဖြစ်နေတဲ့အတွက် ရှေ့ဆက်ပြီး အောင်မြင်နိုင်ချေ အင်မတန်နည်းမှန်း သိနေပါပြီ။ ဒါပေမယ့် သိန်းထောင်ဂဏန်းကျော် ရင်းနှီးခဲ့ရပြီး နှစ်ပေါင်းများစွာ လုပ်ခဲ့ရတဲ့ လုပ်ငန်းကို လွှတ်ချခဲ့ဖို့ သတ္တိမရှိ ဖြစ်နေပါတယ်။
ကိုဗစ်နဲ့ နိုင်ငံရေး အကြပ်အတည်းတွေဖြစ်တဲ့ ကာလရောက်တဲ့ အခါမှာတော့ အားလုံးကို လွှတ်ချ ခဲ့ပါတော့တယ်။
အားလုံးကို လွှတ်ချ၊ လုပ်ငန်းတွေ ရပ်နားပြီး မိဘအိမ်ကို ပြန်သွားပါတယ်။ အရင်က “သားကို အောင်မြင်စေချင်တယ်”လို့ မကြာခဏပြောနေတဲ့ မိဘတွေက ဒီအချိန်မှာတော့ “အောင်မြင်ဖို့ထက် ကျန်းမာပြီး၊ စိတ်ချမ်းသာဖို့က ပိုအရေးကြီးတယ်” လို့ ဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဖိအားတွေ လျော့နည်းသွားပြီး ပိုပြီး ပေါ့ပါးသွားသလို ခံစားရပါတယ်။
ကျွန်တော်လည်း စိတ်ကို Reset ချတဲ့အနေနဲ့ ဖားအောက်တရား စခန်းမှာ ဘုန်းကြီးဝတ်ပြီး ၁ လလောက် တရားစခန်း ဝင်ဖြစ်ပါတယ်။ တရားစခန်းက ထွက်လာပြီးတဲ့နောက်မှာ စိတ်သစ် လူသစ်နဲ့ အခွင့်အလမ်းတွေကို စူးစမ်းလေ့လာပြီး Cryptocurreny (ခေတ်သစ်ငွေကြေးစနစ်)နဲ့ Super Brain Program ကို ဆက်လက် လုပ်ဖြစ်ပါတယ်။
၆ လလောက် အတွင်းမှာ သိန်းထောင်ဂဏန်း နီးပါးလောက်ကို ဝင်ငွေရခဲ့ပါတယ်။ အဲဒီမှာ လောဘတွေ တက်လာပါတယ်။ ပိုပြီးရချင်လာပါတယ်။ ရတဲ့ဝင်ငွေတွေကို အဆတွေပွားပြီး Crypto Trading လုပ်ပါတယ်။ အချိန်အနည်းငယ်အတွင်းမှာ ရှာသမျှငွေတွေ ပြန်ပါသွားပြန်ပါတယ်။
ငွေတွေ ဝင်လာပြီးရင် ဘာကြောင့် ပြန်ပြီးကုန်သွားရတာလဲ? ငွေကြေး စီမံခန့်ခွဲနိုင်စွမ်း မရှိလို့လား?
ကံကြောင့်လား၊ ကိုယ်အသုံးမကျလို့လား?
စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို မေးဖြစ်ခဲ့ပေမယ့် အဖြေမတွေ့ပါဘူး။
၂၀၂၂ ခုနှစ်မှာ မောင်းထောင်မြေဇင်း တရားစခန်းမှာ ၄၅ ရက် တရားစခန်း ဝင်ပြီး ပူပန်သောကတွေ များနေတဲ့ စိတ်ကို ဆေးကြောဖြစ်ပါတယ်။ တရားစခန်းက ပြန်ထွက်လာတော့ စိတ်သစ် လူသစ် Idea အသစ်တွေနဲ့ လုပ်ငန်းတွေ ပြန်စဖြစ်ပါတယ်။ Cryptocurrency နဲ့ Digital Genius ကနေ ဝင်ငွေတွေ ပြန်ကောင်းလာပြန်ပါတယ်။ ဒီတစ်ခါတော့ ရလာတဲ့ ဝင်ငွေတွေကို ကောင်းကောင်း စီမံခန့်ခွဲဖို့ လိုလာပါပြီ။
Financial နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ Video Course တွေ အများကြီး လေ့လာဖြစ်ပါတယ်။ Financial Intelligence (ငွေကြေးဆိုင်ရာဉာဏ်ရည်) စာအုပ်၊ Psychology of Money (ငွေကြေးစိတ်ပညာ)၊ Happy Money (ပျော်ရွှင်သောငွေ) စတဲ့ ငွေကြေးဆိုင်ရာ စာအုပ်ပေါင်းများစွာကို ဖတ်ရှုလေ့လာခဲ့တဲ့ အခါမှာတော့ ကျွန်တော်အရင်က အဖြေမတွေ့ခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့ခဲ့ပါတယ်။
ငွေတွေ ဝင်လာပြီးရင် ဘာကြောင့် ပြန်ပြီးကုန်သွားရတာလဲ?
ငွေတွေဝင်ပေမယ့် ပြန်ကုန်သွားတာ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် အကြိမ်ကြိမ်ပါ။ ကျွန်တော် ငွေကြေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေရဲ့ နောက်ကွယ်မှာ Emotion (စိတ်ခံစားချက်) တွေရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ပါနေပါတယ်။ ဆင်တူယိုးမှား အမှားမျိုးကို အကြိမ်ကြိမ် မှားခဲ့တာပါ။ ကျွန်တော့်စိတ်ရဲ့ Money blueprint မှာ ငွေကြေးနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ငြိတွယ်နေပါတယ်။ Happy Money အခန်းမှာ Money blueprint အကြောင်းကို အသေးစိတ် လေ့လာရမှာဖြစ်ပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုလည်း အားနည်းခဲ့ပါတယ်။ ဝင်ငွေတစ်ခုရလာပြီဆိုရင် ရာခိုင်နှုန်း ဘယ်လောက်ကသုံးဖို့၊ စုဖို့၊ Investment (ရင်းနှီးမြှုပ်နှံမှု) လုပ်ဖို့၊ လှူဖို့ စသည်ဖြင့် ခွဲခြမ်းပြီး စီမံထားခြင်း မရှိခဲ့ပါဘူး။ အလျှင်းသင့်သလို၊ သုံးလိုက် Invest လုပ်လိုက်၊ လှူလိုက် ပါပဲ။
ကံကြောင့်လား၊ ကိုယ်အသုံးမကျလို့လား?
နှစ်ခုစလုံးကြောင့်ပါ။ ကံ ဆိုတာ ကိုယ့်စိတ် ကြောင့်ပဲ ဖြစ်တာဆိုတော့ ကိုယ့်ကြောင့်လို့ပဲ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စိတ်ရဲ့စွမ်းအင်က အင်မတန် ဆန်းကြယ်ပါတယ်။ စိတ်မှာ ကောင်းတဲ့ အတွေးတွေက Positive Energy (ကောင်းတဲ့စွမ်းအင်) တွေကို ဆွဲဆောင်ပါတယ်။ Positive Energy တွေက တခြား Positive Energy တွေကို ဆင့်ကဲဆင့်ကဲ ဖြစ်စေပြီး ကောင်းတဲ့ရလာဒ်တွေကို ဖြစ်စေပါတယ်။
အဓိက အရင်းအမြစ်က ကျွန်တော်တို့ရဲ့ စိတ် ပါပဲ။ ဒါပေမယ့် ပြဿနာက ကျွန်တော်တို့ရဲ့ စိတ်မှာ အောင်မြင်ချင်စိတ်တွေ လွန်ကဲနေတဲ့အခါ၊ ဆုံးရှုံးသွားတဲ့ ငွေနောက်ကို ပြန်လိုက်တဲ့အခါ၊ စိတ်ဖိစီးမှု ပူပန်မှုတွေ များနေတဲ့အခါ စိတ်မှာ Negative Energy မကောင်းတဲ့စွမ်းအင်တွေ ဖြစ်စေပါတယ်။ အဲဒီ Negative Energy တွေက တခြား Negative Energy တွေကို ဆင့်ကဲပြောင်းလဲပြီး မကောင်းတဲ့ ရလာဒ်တွေကို ဖြစ်စေပါတယ်။
ကျွန်တော့်ရဲ့ ဖြစ်ရပ်ကို ပြန်ကြည့်ရင် ရှေ့မှာနည်းမျိုးစုံနဲ့ ၇ နှစ်လောက် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် အားလုံးကိုလွှတ်ချပြီး တရားစခန်းဝင်လိုက်တော့မှ စိတ်မှာဖြစ်နေတဲ့ ပူပန်သောကတွေ လျော့သွားတယ်။ စိတ်မှာ ကြည်လင်သွားပါတယ်။ စိတ်မှာ Positive Energy တွေဖြစ်နေတော့ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ရွေးချယ်မိပြီး ကောင်းမွန်တဲ့ ရလာဒ်တွေကို ဖြစ်စေပါတယ်။
ရလာဒ်အနေနဲ့ကတော့ ၂ နှစ်အတွင်းမှာ ရှေ့မှာမှားခဲ့တဲ့ အမှားတွေကြောင့် ဆုံးရှုံးသွားတဲ့ ငွေကြေးတွေ အားလုံးကို ကာမိအောင် ပြန်လည်ရရှိခဲ့တဲ့အပြင် အတိုင်းအတာ တစ်ခုအထိ စုဆောင်းနိုင်ခဲ့ပါပြီ။ စုဆောင်းမိတဲ့ ငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို ငွေကကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မယ့် Investment မျိုးကို လုပ်နေနိုင်ပါပြီ။
၇ နှစ်အတွင်း ကုမ္ပဏီ ၂ ခုမှာ မှားခဲ့တဲ့ ဘဝ အတွေ့အကြုံတွေကြောင့် ရခဲ့တဲ့ သင်ခန်းစာတွေ၊ Financial Intelligence, Psychology of Money, Happy Money စတဲ့ စာအုပ်တွေ၊ တက်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ သင်တန်းတွေကနေ ရရှိခဲ့တဲ့ ဗဟုသုတတွေ အားလုံးကို စုပေါင်းပြီး ဒီစာအုပ်မှာ ပြန်လည် မျှဝေထားပါတယ်။
Money IQ, Money EQ ပိုင်းဆိုင်ရာတွေကို နောက်လာမယ့် သင်ခန်းစာတွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
True Story 3 (ဖြစ်ရပ်မှန် ၃)
မြန်မာပြည်မှာ ဖုန်းဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အသက် ၃၇ နှစ်မှာ သန်းကြွယ်သူဌေး (ဒေါ်လာ ၁ သန်းနဲ့ အထက်) ဖြစ်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ တစ်ဦးကို အင်တာဗျူးဖြစ်ခဲ့တယ်။
“သန်းကြွယ်သူဌေးဖြစ်အောင် ဘယ်ကနေ ဘယ်လိုစပြီး ကြိုးစားခဲ့သလဲ” လို့မေးတော့။
“ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ “ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ” ဆိုတဲ့ စာအုပ်ကနေစတာ၊ အဲဒီစာအုပ်ကို ၁၉၉၇ ခုနှစ် ဧပြီလမှာ ၂၇၅ ကျပ်နဲ့ သူငယ်ချင်း နှစ်ယောက် စုပြီး ဝယ်ခဲ့တာ” လို့ ဆိုတယ်။ ဝယ်ခဲ့တဲ့ ခုနှစ်နဲ့ စာအုပ်တန်ဖိုးကို ခုအချိန်အထိ အမှတ်ရနေတုန်းပါပဲ။
“ကျွန်တော်လည်း အဲစာအုပ်ကို ဖတ်ခဲ့တာပဲ ဒါပေမယ့် အဲစာအုပ်ထဲမှာ ရေးထားတာက စာရွက်ပေါ်မှာ ကိုယ်ဖြစ်ချင်တာတွေ ချရေးရုံနဲ့ ဖြစ်နိုင်မယ့် ပုံစံမျိုးရေးထားတော့ သိပ်ပြီးယုတ္တိမတန်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး တကယ်လိုက်မလုပ်ဖြစ်ခဲ့ဘူး။” လို့ ကျွန်တော်က စောဒက တက်တော့..
“စာရွက်ပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့ အချက် ၉ ချက်ကို အတိအကျ ချရေးပြီးတော့ကို တကယ်လုပ်ခဲ့တာ၊ ၉ ချက်လုံး ခြွင်းချက်မရှိ တကယ်ဖြစ်ခဲ့တယ်” လို့သူကဆိုတယ်။
အဲဒီ ၉ ချက်ထဲမှာ ရန်ကုန်မှာ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းတိုက်တွေနဲ့ နေမယ်ဆိုတာတွေ၊ မာစီဒီး အနက် Zero Kilo အသစ်စက်စက် စီးဖို့ ဆိုတာတွေ၊ သောကြာနေ့တိုင်း အကောင်းဆုံး စားသောက်ဆိုင်တွေ၊ ဘားတွေမှာ စားသောက်နိုင်ဖို့ ဆိုတာတွေ၊ ကမ္ဘာပတ်ဖို့ ဆိုတာတွေပါတယ်။ စိတ်ကူးယဉ်ပုံဖော်၊ စာရွက်မှာ တကယ်ချရေးပြီး၊ တကယ်လိုက်လုပ်ခဲ့တာ ၉ ချက်လုံး တကယ့်ကို ဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြပါတယ်။ တကယ်တော့ ဒီလိုလုပ်တယ်ဆိုတာ ခံစားတဲ့ ဦးနှောက်ကို စဉ်းစားတဲ့ ဦးနှောက်က မက်လုံးတွေ ပေးပြီး ခံစားချက်နဲ့ စည်းရုံးသိမ်းသွင်း ယူလိုက်တာ။ (ဒီဦးနှောက် ၂ ခု အကြောင်းကို Money Psychology အခန်းမှာ အသေးစိတ် ရှင်းထားပါတယ်။)
ကျွန်တော်က “အဲစာအုပ် တစ်ခုထဲတော့ မဟုတ်လောက်ဘူး၊ တခြား ဘယ်စာအုပ်တွေ ဖတ်ဖြစ်သေးလဲ” လို့မေးတော့
“ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ “ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်”၊ ရောဘတ်ကီယိုဆာကီ ရေးတဲ့ Rich Dad, Poor Dad (ချမ်းသာသောဖေဖေ၊ ဆင်းရဲသောဖေဖေ) စာအုပ်တွေဖတ်ပြီး အဲစာအုပ်တွေအတိုင်း တကယ် လိုက်နာကျင့်သုံးခဲ့တာ” လို့ဆိုတယ်။
ကျွန်တော်လည်း အဲလိုစာအုပ်တွေ ဖတ်ဖြစ်ခဲ့တာပါပဲ ဒါပေမယ့် တကယ် လိုက်မလုပ်ဖြစ်ခဲ့ပါဘူး။
ပြီးတော့ သူ ဆက်ရှင်းပြတယ်။
“Rich Dad, Poor Dad မှာ ရေးထားတဲ့ E S B I , (Employee (ဝန်ထမ်း)၊ Small Business Owner (ကိုယ်ပိုင်လုပ်ငန်းလေး), Business (လုပ်ငန်းကြီး)၊ Investor (ရင်းနှီးမြှုပ်နှံသူ) ) အတိုင်း အဆင့်ဆင့် သွားခဲ့တာ။
မြန်မာပြည်က ကုမ္ပဏီကြီး တစ်ခုက Marketing ပိုင်းမှာ အလုပ်လုပ်တယ်၊ အဆင့်ဆင့် ရာထူးတက်သွားပြီး၊ ဆယ်နှစ်ကျော်လောက်ကြာလို့ ငွေကြေး၊ အရင်းအနှီး တွေရလာတဲ့ အခါ ကိုယ်ပိုင် ဖုန်းဆိုင်လေးတစ်ဆိုင် စထောင်ဖြစ်တယ်။ Marketing ပိုင်းကျွမ်းကျင်သူ ဖြစ်တဲ့ အလျှောက် သူ့ရဲ့ဖုန်းဆိုင်ဟာ အောင်မြင်ခဲ့တယ်။
၂၀၀၈ ခုနှစ်လောက် CDMA ဖုန်းတွေ ချပေးတဲ့အခါ နိုင်ငံခြားမှာ CDMA ဖုန်းတွေကို ဈေးပေါပေါနဲ့ ရနေတဲ့အချိန် မြန်မာပြည်မှာ အမြတ်များများနဲ့ ရောင်းလို့ရခဲ့တယ်။ အဲဒီနှစ်တွေမှာ ဝင်ငွေတွေ အများကြီးရပြီး ဖုန်းဆိုင် ၁ ဆိုင်ကနေ ၂ ဆိုင်၊ ၃ ဆိုင်ကနေ ဆိုင်ပေါင်းများစွာအထိ တိုးချဲ့ခဲ့ပြီး သူ့အသက် ၃၇ နှစ်မှာ ဒေါ်လာ ၁ သန်းကျော် ချမ်းသာတဲ့ သန်းကြွယ်သူဌေး ဖြစ်ခဲ့တယ်။” လို့ သူလျှောက်ခဲ့တဲ့ လမ်းကို ပြောပြတယ်။
အခုတော့သူဟာ ဆိုင်ခန်းတွေကို လျှော့ချပြီး အလုပ်သိပ်မလုပ်တော့ဘဲ Investment (ရင်းနှီးမြှုပ်နှံမှု) ပဲ လုပ်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်။
သူလုပ်သွားတာ ရိုးရိုးလေးပါပဲ။
၁၉၉၇ ခုနှစ်လောက်မှာ “ဘာကြောင့်ခုထိ မချမ်းသာသေးတာလဲ” စာအုပ်ထဲကအတိုင်း ကိုယ်ဖြစ်ချင်တဲ့ ၉ ချက်ကို စာရွက်မှာချရေးတယ်၊ စိတ်ကူးယဉ် ပုံဖော်တယ်။ ဒါဟာ Law of Attraction (စိတ်ရဲ့ ညှို့ငင်မှု နိယာမ) သဘောတရားပါပဲ။ (အသေးစိတ်ကို Happy Money အခန်းမှာကြည့်ရန်)
Rich Dad, Poor Dad စာအုပ်ထဲကအတိုင်း E, S, B, I အဆင့်ဆင့်သွားတယ်။ Employee (ဝန်ထမ်း) အချိန်မှာ “ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်” စာအုပ်ထဲကအတိုင်း ရတဲ့ဝင်ငွေရဲ့ ၂၀% (စာအုပ်မှာ အနည်းဆုံး ၁၀%) ကို စုတယ်။ အရင်းအနှီးနဲ့ အတွေ့အကြုံရလာတဲ့ အချိန်မှာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပြီး အောင်မြင်သွားတယ်။
အသက်နည်းနည်းရလာတဲ့ အချိန်မှာ လောဘတွေ ထပ်များမနေတော့ဘဲ လုပ်ငန်းတွေ လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတယ်။
လူတော်တော်များများက စာဖတ်ဝါသနာ မပါကြဘူး။ စာဖတ်ဝါသနာ ပါသူတွေထဲကလည်း အနည်းစုလောက်ပဲ အောင်မြင်ကြီးပွားရေး၊ စီးပွားရေး၊ ငွေကြေး စာအုပ်တွေ ဖတ်ကြတာ။ အဲဒီဖတ်တဲ့ သူတွေထဲကလည်း အင်မတန်နည်းတဲ့ ရာခိုင်နှုန်း လောက်ပဲ တကယ်လိုက်လုပ်ဖြစ်ကြတာ။
ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက စာအုပ်ဖတ်တဲ့သူ။ အောင်မြင်ရေး၊ စီးပွားရေး စာအုပ်ဖတ်တဲ့ သူတွေထဲမှာ ပါခဲ့တယ်။ ဒါပေမယ့် တကယ်လိုက်လုပ်တဲ့ အထဲမှာ မပါခဲ့ပါဘူး။ အသက် ၃၀ ကျော်လောက်၊ လုပ်ငန်းမျိုးစုံမှာ အမှားတွေ လုပ်လို့ လုပ်ငန်းတွေ မအောင်မြင်တော့မှ၊ စာအုပ်တွေပြန်ဖတ် တကယ်လိုက်လုပ်ပြီး အသက် ၄၀ ကျော်မှ စတင်အဆင်ပြေစ လမ်းကြောင်းပေါ်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုဒီစာအုပ်မှာလည်း ငွေကြေးဆိုင်ရာ ဉာဏ်ရည်တွေ၊ ငွေကြေးစီမံခန့်ခွဲမှု အကြောင်းတွေ၊ ငွေကြေးစနစ်အကြောင်းတွေ စတဲ့ ငွေကြေးနဲ့ဆိုင်တဲ့ ဗဟုသုတ အကြောင်းအရာတွေ အပြင် ငွေကြေးဆိုင်ရာ စိတ်ပညာတွေ ပါဝင်ပါတယ်။ ဖတ်ပြီး တကယ်လိုက်နာ ကျင့်သုံးမှသာ သင့်အတွက် တကယ်အကျိုးရှိပါလိမ့်မယ်။
အော်ဒါမှာယူလိုပါက “Order Now” ကို နှိပ်ပြီး မှာယူနိုင်ပြီ။
ဈေးနှုန်း ၂၅,၀၀၀ ကျပ်
စာအုပ်ဖတ်ပြီး မိတ်ဆွေတို့အတွက် အသုံးမဝင်ဘူးဆိုင်ရင် ရက် (၃၀) အတွင်း ရာနှုန်းပြည့် ငွေပြန်အမ်းတဲ့ Money Back Guarantee ရှိပါတယ်။